စောစောအိပ်ရာထလို့ ကျန်းမာရေးအတွက် ကောင်းကျိုးရှိတာ ဟုတ်ရဲ့လား
ငယ်ငယ်ကတည်းက အိပ်ရာထချိန်နဲ့ ပတ်သက်လာရင် “မနက်စောစော အိပ်ရာထတာ ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ကိုယ်စောင့်နတ်က နတ်သဘင်အစည်းအဝေးပွဲသွားရင် ကိုယ်က အိပ်ရာနိုး၊ ရေချိုးသန့်စင်ထားမှ မျက်နှာရမယ်” ဆိုပြီး ပုံစံမျိုးစုံနဲ့ ရှေးထုံးတွေ ကြားဖူးကြမယ်ထင်ပါတယ်။ ရုံးသွား၊ ကျောင်းတက်တဲ့သူတွေအတွက်တော့ မနက်စောစောထတာ နေ့တစ်ဒူဝအလုပ်ဆိုပေမယ့် ပုံမှန်အိမ်မှာ နေသူတွေအတွက် ဒီလိုလုပ်ဖို့ လိုရဲ့လားဆိုတဲ့ မေးခွန်းတွေဟာ တစ်စထက် တစ်ထတိုးလို့လာပါတယ်။
မနက်အစော အိပ်ရာထခြင်းဟာ တစ်ချိန်ကတော့ လူကြီးတွေနဲ့ Morning Person (မနက်ခင်းမှာ တက်ကြွလန်းဆန်းသူ) တွေ အများဆုံးလုပ်လေ့လုပ်ထရှိတဲ့ အကျင့်တစ်ခုပါပဲ။ ခေတ်တွေ ပြောင်းလဲလာသလို ကိုဗစ်ကြောင့် အိမ်သားတွေ အိမ်မှာပိုမိုစုဝေးလာကြတဲ့အခါမျိုးမှာ ဒီအကျင့်က နည်းနည်းလေးတော့ နည်းသွားတယ်လို့ ဆိုရမှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာက မနက်စောစောထပြီး တရားခွေအသံကျယ်ကြီး ဖွင့်ကြတဲ့အခါ ရပ်ကွက်ထဲမှာရော၊ ကိုယ့်အိမ်သားအတွက်ပါ ဆူညံသံဖြစ်စေတာကြောင့်ပါပဲ။
ဒါဆို စောစောအိပ်ရာထရင် ဘာကောင်းကျိုးရှိလဲ
အကျင့်ရယ်လို့ လုပ်ပေးနိုင်ရင်တော့ ကောင်းတဲ့အကျင့်တစ်ခုလို့ပဲ ဆိုရမှာပါ။ မနက်စောစောအိပ်ရာထတာနဲ့ ပတ်သက်ပြီး ကောင်းတဲ့အချက်တွေကို ပြန်ကြည့်မယ်ဆိုရင်
၁။ ပုံမှန် မနက်စောစောထသူတွေဟာ ညဘက်တွေမှာ စောအိပ်လေ့ရှိပြီး အိပ်ချိန်ပြည့်လို့ မနက်ရောက်တော့မှ ထကြတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့တစ်နေ့တာ အိပ်စက်ချိန်ကို အတိအကျနဲ့ လုပ်ခြင်းက ကျင့်သားဖြစ်စေသလို အချိန်မှန်အိပ်၊ အချိန်မှန်ထတတ်အောင်လည်း ကူညီပေးပါတယ်။
၂။ အချိန်မှန် ညအိပ်ပြီး နိုးထသူတွေဟာ တခြားသူတွေထက် ညအိပ်မပျော်တဲ့ရောဂါ (Insomnia) ဖြစ်နိုင်ခြေ သိသိသာသာ ကျဆင်းပါတယ်။ ဒါ့အပြင် ညဘက်အိပ်ပျော်ဖို့ ခဲယဉ်းသူတွေအနေနဲ့လည်း ဒီလို စောစောအိပ်၊ စောစောထတဲ့အကျင့်ကို မွေးပေးနိုင်ရင် ကိုယ့်အတွက် ပိုပြီးကောင်းကောင်းအိပ်ပျော်နိုင်အောင် ကူညီပေးပါလိမ့်မယ်။
၃။ အိပ်ချိန်ပြည့်ဝစွာ အိပ်စက်အနားယူတဲ့အခါ အရေပြားက ပျက်စီးသွားတဲ့ဆဲလ်တွေကို ကောင်းကောင်းပြုပြင်ပေးတယ်။ အရေးအကြောင်းတွေကို လျော့ပါးစေပြီး ဝက်ခြံ၊ မျက်ကွင်းညိုတာတွေကို သက်သာစေသလို ခရမ်းလွန်ရောင်ခြည်ဒဏ် ထိထားတဲ့အရေပြားကိုလည်း ကုစားပေးပါတယ်။ ဒီအတွက် အိပ်ရာ စောစောထသူတွေဟာ တခြားသူတွေထက် အရွယ်တင်နုပျိုပြီး အသားအရေပိုကောင်းတယ်လို့လည်း ဆိုနိုင်ပါတယ်။
၄။ ကျန်းမာရေးအတွက် မနက်စောစောအိပ်ရာထသူတွေဟာ အစားအသောက်နဲ့ ပတ်သက်လာရင်လည်း တခြားသူတွေထက် ပိုဂရုစိုက်တတ်ပြီး အာဟာရပြည့်ဝအောင် ပိုစားလေ့ရှိပါတယ်။ ခန္ဓာကိုယ်က တစ်နေ့တာလိုအပ်တဲ့ အာဟာရတွေကို လုံလောက်စွာရရှိတဲ့အခါ လူကပိုကျန်းမာသလို ကိုယ်တွင်းအင်္ဂါတွေလည်း ကောင်းစွာအလုပ်လုပ်နိုင်တဲ့အတွက် တစ်နေ့တာလုံး အားအင်ပြည့်ဖြိုးလန်းဆန်းနေစေပါတယ်။
၅။ ဦးနှောက်အာရုံကြောစနစ်ကိုလည်း အားကောင်းစေပြီး မှတ်ဉာဏ်တိုးတက်စေတယ်။ ဒါ့အပြင် အာရုံစူးစိုက်နိုင်စွမ်းလည်း ကောင်းစေလို့ ပညာသင်ကြားရာမှာ၊ လုပ်ငန်းခွင်မှာလည်း အဆင်ပြေစေပါတယ်။
၆။ မနက်ပိုင်းစောစောထသူတွေဟာ တခြားသူတွေထက်စာရင် အကောင်းမြင်စိတ် ပိုရှိသလို စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ ဒါ့အပြင် ပျော်ရွှင်ခြင်းဟော်မုန်းတွေလည်း ပိုထွက်တဲ့အတွက် စိတ်ကို ပေါ့ပါးသက်သာစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပါတယ်။
မနက်အိပ်ရာစောစောထသူတိုင်း သိထားသင့်တာတွေအနေနဲ့
- ကိုယ့်ရဲ့အိပ်စက်မှုပုံစံကို အချိန်မှန်အောင် ပုံမှန်လေ့ကျင့်ပြီး အကျင့်ဖြစ်သွားတဲ့အထိ လုပ်ပေးပါ။
- မနက်အိပ်ရာစောစောထခြင်းဟာ ကိုယ့်ရဲ့ရွေးချယ်မှုဖြစ်ပြီး တခြားအိပ်နေသူတွေကို ပြန်ငဲ့ညှာပေးတဲ့အနေနဲ့ မလိုအပ်ဘဲ အသံမဆူပါနဲ့။
- နေ့လယ်ဘက် တစ်ရေးတစ်မောအိပ်တာကို တတ်နိုင်သလောက်ရှောင်ပြီး ညဘက်မှာပဲ စောစောအိပ်ပါ။
- ညဘက်မအိပ်ခင် အနည်းဆုံးတစ်နာရီလောက်ခြားပြီး ဖုန်း၊ ကွန်ပျူတာ၊ တီဗီစတဲ့ အပြာရောင်အလင်းတန်းထွက်တဲ့ အီလက်ထရောနစ်ပစ္စည်းတွေ အသုံးပြုတာ ရှောင်ပါ။
- ကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်ပါ။
- မနက်စောစောထရင်း လေ့ကျင့်ခန်းလုပ်တဲ့အကျင့်ကို ပျိုးထောင်ကြည့်ပါ။
ရဲမျိုးမြတ်